Sunday, November 20, 2016

Evaluation of Relative Tectonic Activity Based on Geomorphic Indices in Myitsone Dam area

မြစ်ဆုံဧရိယာရဲ. Tectonic activity consideration အတွက် geomorphic indices ပေါ်အခြေခံပြီး ချဉ်းကပ်လေ့လာကြည့်ပါတယ်။ Morphotectonic analysis လို.လဲဆိုနိုင်ပါတယ်။ geomorphic indices တွေအနေနှင့် Stream Length gradient index (SL), Mountain Front Sinuosity (Smf), နဲ. Valley floor to valley high ratio (Vf) အစရှိသည်တို.ကို တွက်ချက်ပြီးလေ့လာနိုင်ပါတယ်။ ပထမဆုံး mountain trend နဲ. Geomorphic features တွေကို လေ့လာနိုင်ဖို. အတွက် QGIS မှာ Terrain analysis လုပ်ကြည့်တယ်။ ရလာတဲ့ ဘူမိရုပ်သွင် အနေအထားတွေကို segment 8 ခုပိုင်းခြားပြီး ဆက်လက်လေ့လာပါတယ်။ SRTM DEM (Shuttle Rader Topography Mission, 30m resolution) ကို Regional လေ့လာဖို.အတွက်အသုံးပြုနိုင်ပြီး၊ detail geomorphic features တွေလေ့လာဖို.ရန်အတွက် High resolution DEM data တွေလိုအပ်ပါတယ်။ ဒါကြောင့်မို. ဒီမှာ Mountain front sinuosity တိုင်းတာတဲ့အခါ google earth satellite imagery ကို အသုံးပြုပြီး manual တိုင်းတာခဲ့ပါတယ်။ Topographic Map မှာလဲ manual တွက်ချက်နိုင်ပါတယ်​။

Stream Length gradient index (SL) ကိုတော့ High resolution DEM အသုံးပြုပြီး ArcGIS မှာ အလွယ်တကူ auto calculation လုပ်နိုင်ပါတယ်။ ဒီမှာတော့ ဦးဆုံးအနေနဲ. Mountain front sinuosity ကို တွက်ချက်ထားပါတယ်။ အစောပိုင်းမှာ USGS Geologist များ Topo Map တွေကို အသုံးပြုပြီး တွက်ချက်ခဲ့ကြပါတယ်။ ခုနောက်ပိုင်းတော့ GIS application တွေကို အသုံးချပြီး အလွယ်တကူတွက်ချက်လာကြပါပြီ။ ဒေသတခုရဲ. Relative tectonic activity ကိုလေ့လာဖို.ရန်အတွက် အလွယ်တကူ အသုံးချနိုင်သော tectonic geomorphology ဆိုင်ရာ နည်းလမ်းတခုဖြစ်ပါတယ်။ ဒီကနဦးရလဒ် တွေပေါ်အခြေခံပြီး ဒေသတခုရဲ. Earthquake potential ကို အခြား ဆက်နွယ် ပညာရပ်တွေနဲ. ပေါင်းစပ်ပြီးဆက်လက်လေ့လာနိုင်ပါပြီ။ ဆိုတော့ မြစ်ဆုံဧရိယာရဲ. Tectonic activity ကို သိရှိဖို.ရန်အတွက် သက်ဆိုင်ရာ mountain front segment 8ခု ကို တိုင်းတာတွက်ချက်ခဲ့ပါတယ်။ တိုင်းတာရရှိသော ရလဒ်များအရ မြစ်စုံဒေသ mountain front များဟာ Tectonic Class 1 အဆင့်ရှိပြီး very high tectonic activity ကို ညွန်ပြနေပါတယ်။ မြစ်ဆုံဒေသ အနီး တိုင်းတာသည့် Segment 1 အောက်ပါပုံတွင်လေ့လာနိုင်ပြီး ယင်း Segment 1 ရဲ. Mountain front sinuosity index, Smf value က 1.13 ရှိပါတယ်။



Smf values 1.4 နှင့် အောက်ဟာ tectonically အရ active fronts များကို ညွန်ပြပါတယ် (Rockwell et al., 1984; Keller, 1986). Smf values များ 3 အထက်ရရှိပါက inactive fronts များလို. ဆိုနိုင်ပါတယ် (Bull and McFadden, 1977)။ Smf Value ရှာရန်အတွက် ယခု formaula Smf = Lmf / Ls ဖြင့် အလွယ်တကူ တွက်ချက်နိုင်ပါသည်။ Lmf က mountain front ရဲ. Length ကို ညွန်းပါတယ်၊ Ls ကတော့ front ရဲ. Straight – Line length ဖြစ်ပါတယ်။ Smf က mountain front sinuosity index ဖြစ်ပါတယ်။ sinuosity index အတွက် J = Lj/Ls ဖော်မြူလာ နောက်တမျိုးသုံးပီး တိုင်နိုင်ပါသေးတယ်။ ဒီမှာတော့ Smf = Lmf / Ls နဲ.တွက်ထားတာဖြစ်ပါတယ်။ ဆက်လက်ပြီး မြစ်ဆုံဒေသ ပတ်ဝန်းကျင် segment များဖြစ်တဲ့ Segment 2 ဟာဆိုရင် Smf value: 1.20, Segment 3 ဟာဆိုရင် Smf value: 1.11, Segment 4 ဟာဆိုရင် Smf value: 1.11 စသဖြင့် Smf value: 1.4 အောက်အသီးသီးညွန်ပြလျက်ရှိပါသည်။ Segment 5 – 8 ကိုတော့ တိုင်းတာနေဆဲဖြစ်ပါသည်။ သို.သော် ယင်း mountain front trend မျာကိုလေ့လာခြင်း အားဖြင့် active mountain front ဖြစ်နိုင်သည်ဟု ကြိုတင်ခန်.မှန်းပါသည်။ နောက်ပိုင်းမှာ El Hamdouni နှင့် အဖွဲ. (2007) တော့ ဆက်လက်ပြီး active tectonic degree ကို သတ်မှတ်နိုင်ရန်အတွက် Smf index တန်ဖိုးများကို 1 – very high, 2 – high, 3 – moderate နဲ. 4 – Low စသဖြင့် class လေးခုခွဲခြားထားပါတယ်။ နောက်ပိုင်း Iat map ပြင်ဆင်ရေးဆွဲရာမှာတော့ ယင်း class များကို ထည့်သွင်းစဉ်းစားရပါမည်။

Vf ratio ဆက်လက်တွက်ချက်နိုင်သော်လည်း ရေအားလျှပ်စစ် အများစုသည် V shape valley အများစုကို ဖြတ်ပြီးတည်ဆောက်ထားလေ့ရှိသည့်အတွက် ဒီနေရာမှာ အသေးစိတ် ဆက်လက် တွက်ချက်ရန်မလိုဟု ယူဆပါသည်။ လေ့လာချက်များအရလည်း မြစ်ဆုံရှိ Valley များသည် V shaped အဖြစ်အများစု လေ့လာတွေ.ရှိရပါသည်။ တွက်ချက်လိုပါက ယခု ဖေါ်မြူလာ Vf = 2Vfw/ [ ( E1d – Esc) + ( Erd – Esc) ] ဖြင့်အလွယ်တကူ တွက်ချက်နိုင်ပါသေးသည်။ Vfw က valley floor အကျယ် ၊ Eld နဲ. Esc က မိမိတိုင်းတာလိုတဲ့ valley ရဲ. ဘေး ဘယ်ညာထိပ် elevation point များ၊ Esc ကတော့ valley floor ရဲ. Average elevation ဖြစ်ပါတယ်။ မိမိတိုင်တာရရှိလာတဲ့ data များကို input လုပ်ပြီး ရရှိလာတဲ့ Vf တန်းဖိုများကို Smf တန်းဖိုးများနှင့် နှိုင်းယှဉ်စဉ်းစားနိုင်ပါတယ်။ စာလည်းနဲနဲရှည်သွားပီမို. လိုရင်ပြန်ပြောရရင် ယခုလေ့လာတွေ.ရှိချက်များအရ မြစ်ဆုံဒေသရဲ. Relative tectonic activity ကို ပြောဆိုနိုင်ပါတယ်။ mountain front တွေဟာ tectonic class 1 အဆင့်ရှိတဲ့ အတွက် very high tectonic activity ကို ညွန်ပြနေပါတယ်။ ယခုလေ့လာနေတာဟာ ဒီဒေသအတွက် early stage investigation ပဲ ရှိပါသေးတယ်။ earthquake assessment ထိ သွားမယ်ဆိုရင် ဒေသ၀န်းကျင်က seismic record ၊ bedrock resistance, soil, slope, နဲ. Structural control စတာတွေကို ထည့်သွင်းစဉ်းစားရပါမယ်။ ဖြစ်နိုင်ရင် paleoseismic investigation ထိ ထည့်စဉ်းစားရပါမယ်။ ခုပြောသွားတာတွေထဲမှာ စစ်ကိုင်းပြတ်ရွေ. နဲ. ပတ်သတ်ပြီး တလုံးမှ မပြောသေးပါဘူး။ အခုရေးရတာဟာ မြစ်ဆုံဒေသကို စိတ်ဝင်စားတာက တကြောင်း ၊ active tectonics, tectonic geomorphology နဲ. Earthquake geology စတင်လေ့လာလိုသူများ အတွက် ရည်ရွယ်ပြီး ရေးသားခြင်းဖြစ်ပါတယ်။ Relative tectonic activity evaluation ဖြစ်ပါတယ်..။

Facebook Link : Evaluation of Relative Tectonic Activity Based on Geomorphic Indices in Myitsone Dam area 

Tuesday, November 8, 2016

SRTM DEM Download from USGS Earth Explore

Wednesday, October 5, 2016

Gaw Yan Gyi Field Trip / Paleontological Research Group, Geology Dept., Pathein University














Wednesday, August 10, 2016

Job Opp for Geology Fresh Graduates

➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳

GME Exploration & Mining Company is currently seeking an Apprentice Geologists (Male) for Underground Mining Project in Tanintharyi Region. Fresh graduates are welcome. Key responsibilities of this position include: Willing to work approximately 80% fieldwork and 20% office work, Works effectively either alone or in teams and Able to Learn. Ideal candidates must have a BSc in Geology Degree, good computer skills in MS Office and strong communication skill. You can discuss about salary. Interested applicants can submit updated CV before 19 August 2016 to Exploration and Mining Section, No.23, Bocho Street, Ingyin Myaing Housing, Bahan Township, Yangon. As of 2012, that Mining Group has three Jade Mines, two Tin Tungsten Mines and two Gold Mines.

No. of Position: 3 Positions

# Field activities may require working in various weather conditions…

Contact me for more info : 09 791195750

Friday, August 5, 2016

မြန်မာ့ငလျင်ဘေးလျှော့ချရေး သတိထားစရာနှင့် လုပ်ဆောင်စရာ

▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲
ဒေါက်တာသိန်း

သဘာဝဘေးကြီးမားစွာကျရောက်နိုင်သော နိုင်ငံ ၁ဝ နိုင်ငံအနက် အရှေ့တောင်အာရှမှ သုံးနိုင်ငံပါဝင် ပါသည်။ ယင်းတို့မှာ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နှင့် အင်ဒိုနီးရှားနိုင်ငံ တို့ ဖြစ်ကြသည်။ မြန်မာနိုင်ငံအတွက် အဓိကအားဖြင့် (၁) ငလျင်၊ (၂) မုန်တိုင်း၊ (၃)ရေကြီးခြင်းတို့ကြောင့်ဖြစ်၍ ဘင်္ဂလားဒေ့ရှ် အတွက် အဓိကအားဖြင့် (၁) မုန်တိုင်း၊ (၂) ငလျင်၊ (၃) ရေကြီးခြင်းတို့ ကြောင့်ဖြစ်ပြီး အင်ဒိုနီးရှားအတွက် အဓိကအားဖြင့် (၁) ငလျင်၊ (၂) ဆူနာမီ၊ (၃) မီးတောင်ပေါက်ကွဲခြင်း တို့ကြောင့် ဖြစ်ပါ သည်။ 

 မြန်မာနိုင်ငံအတွက် ဆူနာမီလှိုင်းအန္တရာယ်၊ မြေပြိုတောင်ပြို မှု၊ တောမီးများလောင်မှုတို့ကြောင့် အလတ်စားဘေးများသာ ကျရောက်နိုင်ပါသည်။ မြန်မာနိုင်ငံအတွက် မီးတောင်ဘေးမရှိပါ။
မြန်မာနိုင်ငံသည် အဓိကကမ္ဘာ့ငလျင်ရပ်ဝန်းကြီးနှစ်ခုအနက်မှ တစ်ခုဖြစ်သော အယ်လပိုက်ငလျင် ရပ်ဝန်းတွင် ကျရောက်တည်ရှိနေကြောင်း အများပင် သိရှိထားပြီးဖြစ်သည်။ မြန်မာပြည်၏ ငလျင် အန္တရာယ်မှာ ကြီးမားသော်လည်း ဂျပန်၊ တရုတ်နိုင်ငံတို့၏ အချို့အပိုင်းများ၊ အင်ဒိုနီးရှားနှင့် အီရန်တို့ ထက်ကားလျော့ပါသည်။ အနီးဝန်းကျင်ရှိ တိုင်းပြည်၊ ဒေသကြီး များနှင့် နှိုင်းယှဉ်ကြည့်လျှင် မြန်မာနိုင်ငံ၏ ငလျင်အန္တရာယ်သည် အိန္ဒိယအရှေ့မြောက်ပိုင်းရှိ အာသံပြည်နယ်ထက်နည်း၍ ယူနန်ပြည်နယ်နှင့် တန်းတူလောက်ဖြစ်ကာ ထိုင်းနှင့်မလေးရှားနိုင်ငံတို့ထက်ကားများပါသည်။

စာရေးသူသည် လွန်ခဲ့သည့် ၁ဝ နှစ်အတွင်း သတင်းစာနှင့် ဂျာနယ်များ တွင် မြန်မာနိုင်ငံ ငလျင်ဘေးလျှော့ချရေး အကြောင်း ဆောင်းပါး များ ရေးခဲ့ပါ သည်။ ထို့အပြင် ဟောပြောပွဲများနှင့် အလုပ်ရုံဆွေးနွေးပွဲများကိုပါ လုပ်ပေးခဲ့ပါသည်။ ဤဆောင်းပါး၏ အဓိကရည်ရွယ်ချက်မှာ ငလျင်ဘေး အန္တရာယ်များသော မြန်မာနိုင်ငံတွင် နေထိုင်ကြသော ပြည်သူများအနေဖြင့် ငလျင်ဘေးအန္တရာယ်ကို ပို၍ဂရုစိုက်လာ၍ နေအိမ်တိုက်တာများကို စနစ်တကျ ခိုင်ခံ့အောင်ဆောက်လုပ်ခြင်းစသော လုပ်ငန်းများကို လုပ်ဆောင်လာစေ ရန်ဖြစ်ပါသည်။ ငလျင်ကြီးများမလှုပ်ခဲ့သည်မှာ ကြာသည့်အချက်ကလည်း ပို၍ဂရုစိုက်ကာ ဆောက်လုပ်ကြရန် တွန်းအားဖြစ်ပါမည်။

ယခုဆောင်းပါးတွင် မြန်မာနိုင်ငံ၌ နေရာဒေသများအလိုက် ငလျင် ဘေး ကျရောက်နိုင်ခြေ (earthquake risk) အဆင့်များကို ဖော်ပြ ထားပြီး ငလျင် ဘေးလျှော့ချရေးအတွက် အလေးထား၍ ကြိုတင်ကာကွယ် လုပ်ဆောင်ရ မည့် နည်းလမ်းများနှင့် လုပ်ငန်းများ ၁၅ ရပ်ကို လိုတိုရှင်း ပုံစံဖြင့် ရေးထားပါသည်။

ငလျင်ဘေးများသော ဤနိုင်ငံ

မြန်မာနိုင်ငံ တွင် အနာဂတ်၌ ငလျင်ကြီး များ လှုပ်ဦးမည်ဆိုသော အချက်မှာ ယုံမှားသံသယရှိရန် မလိုပါ။ မှတ်တမ်းမှတ်ရာများ ခိုင်လုံသော လွန်ခဲ့သည့်အနှစ် ၁၈ဝ ကာလ အတွင်း မြန်မာပြည်၌ အလွန်ကြီးမားသော ငလျင် (great earthquake) တစ်ကြိမ် (M 8.0)၊ ငလျင်ပမာဏ M 7.0 မှ M 7.9 အတွင်းရှိ ကြီးမားသောငလျင် (major earthquake) (၁၆)ကြိမ်လှုပ် ခဲ့ပြီးဖြစ်သည်။
(မှတ်ချက်။ M မှာ ငလျင်ပမာဏ (earthquake magnitude) အတွက် အတိုကောက်သင်္ကေတဖြစ်၍ မိုးမင့်ပမာဏစကေး (moment magnitude scale) မှ တန်ဖိုးဖြစ်သည်။ ရစ်ခ်ျတာစကေးထက်ပို၍ တိကျကောင်းမွန်သဖြင့် လွန်ခဲ့သည့် ၁၅ နှစ်ခန့်မှစ၍ ယင်းကိုသာအသုံးပြုခဲ့သည်။ ဤ ငလျင်စကေးနှစ်မျိုး၏ ဂဏန်းများသုံး၍ ငလျင်ဒဏ်ခံနိုင်သော အဆောက်အအုံပုံစံများဆွဲ၍မရပါ။ သက်ဆိုင်ရာနေရာများအတွက် တွက်ချက်ဖော်ထုတ် ထားသော မြေတွင်းအပေါ်ပိုင်းငလျင် လှိုင်းသွားအမြင့်ဆုံးအရှိန် (peak ground acceleration-PGA) တန်ဖိုးများကိုသာ အသုံးပြုရပါသည်။)

ဤသို့ငလျင်ကြီးများ (၁၇) ကြိမ်လှုပ်ခဲ့သော်လည်း ထိုခေတ်ကာလများက လူဦးရေနည်းပါးမှု၊ တိုက်တာများနည်းပါးပြီး သစ်သားအိမ်များသာများမှု၊ ဓာတ်ဆီ၊ဓာတ်ငွေ့များအသုံးနည်းမှုစသော အကြောင်းများကြောင့် ပျက်စီးသေပျောက်မှု အတော်အသင့်သာဖြစ်ခဲ့ပါသည်။
အများဆုံးပျက်စီးသေ ပျောက်မှုများကို ဖော်ပြရသော် (၁) ၂၃-၃-၁၈၃၉ အင်းဝငလျင် (M 7.3) အတွင်း အမရပူရနေပြည်တော်ရှိ အရေအတွက်မများလှသောအုတ်တိုက် များပြိုပျက်ပြီး လူ ၄ဝဝ ခန့် သေပျောက်ခဲ့မှု၊ (၂) ၅-၅-၁၉၃ဝ ပဲခူးငလျင် (M7.3) အတွင်း တိုက်များပျက်စီးပြိုကျပြီး လူ ၅ဝဝ ခန့် သေဆုံးခဲ့မှုတို့ ဖြစ်ကြသည်။ ပဲခူးငလျင်၏ အဖျားခတ်မှုကြောင့် ငလျင်ဗဟိုချက်နှင့် မိုင် ၄ဝ ခန့်ဝေးသော ရန်ကုန်မြို့တွင် တိုက်အချို့ပြိုကျ၍လူ ၅ဝ ခန့် သေဆုံးခဲ့သည်။

၅-၅-၁၉၃ဝ ပဲခူးငလျင်ကြီးလှုပ်ပြီး ခုနစ်လခန့်အကြာတွင် မြောက်ဘက် မိုင် ၁ဝဝ ခန့်အကွာရှိ ဖြူးဒေသ၌ (M7.3) ရှိသော ငလျင်ကြီးတစ်ခု လှုပ်ပြန်သည်။ ဤသို့ လှုပ်ပြီးနောက်ပိုင်း ပဲခူးနှင့်ဖြူး တည်ရှိသော စစ်ကိုင်း ပြတ်ရွေ့အပိုင်းတွင် ငလျင်လတ်များနှင့် ငလျင်ကြီးများလှုပ်ရှားမှု ယခုအချိန် အထိ မရှိခဲ့ပေ။ သို့ရာတွင် စစ်ကိုင်းပြတ်ရွေ့ဇုန်၏ မြောက်ပိုင်း တွင်ကား ငလျင်လတ်များနှင့် ငလျင်ကြီးများ ကြိုးကြားကြိုးကြား လှုပ်ခဲ့သည်။ ဥပမာ ၁၉၄၆ တကောင်းငလျင် (M7.5,M7.75)၊ ၁၉၅၆ စစ်ကိုင်းငလျင် (M7.0)၊ ၂ဝ၁၂ သပိတ်ကျင်းငလျင် (M6.8) တို့ ဖြစ်ကြသည်။

အထက်တွင်ဖော်ပြခဲ့သည့်အတိုင်း ၁၉၃ဝ ခုနှစ်အတွင်းက လှုပ်ခဲ့သော ပဲခူးနှင့် ဖြူးငလျင်ကြီးများနောက်ပိုင်းတွင် ခရမ်း-ပဲခူး-ဖြူးအပိုင်းတွင် ငလျင်လတ်နှင့် ငလျင်ကြီးများ လှုပ်ခတ်မှုမရှိခဲ့သည်မှာ ၈၆နှစ်ခန့် ရှိပါပြီ။ ထို့အပြင် ရမည်းသင်း-သာစည်အပိုင်း တွင် နှစ်တစ်ရာကျော်ကာလအတွင်း ငလျင်လတ်များနှင့် ငလျင်ကြီးများလှုပ်ခဲ့သည့် မှတ်တမ်းများ မရှိပါ။ ထို့ကြောင့် စစ်ကိုင်းပြတ်ရွေ့ဇုန်ရှိ ထိုနှစ်ပိုင်းတွင် မြေသားထုအတွင်း၌ ဒဏ်အား (stress) အတော်ပင်စုနေဖွယ်ရှိပြီး အနာဂတ်အချိန်တစ်ချိန်တွင် ကျိုးပြတ်ကာ ငလျင် ကြီးအချို့လှုပ်နိုင်ခြေရှိပါသည်။ ထို့ကြောင့် အထူးသတိထားကာ ကြိုတင်ပြင် ဆင်ထားရေးလုပ်ငန်းများကို အလေးထားလုပ် ဆောင်ကြရန် လိုအပ်ပါသည်။ ဤသို့ လုပ်ဆောင်ရန် လိုအပ်ခြင်းမှာ ငလျင်အန္တရာယ် များသော မြို့ကြီးများနှင့် မြို့လတ်များတွင် ယခုအခါ လူဦးရေအလွန် တိုးပွားလာမှု၊ အထပ်မြင့် တိုက်ကြီးများအပါအဝင် တိုက်တာအဆောက်အအုံ အမျိုးမျိုးများပြားလာမှု၊ ထိုတိုက်တာများအထဲတွင် စံမမီ၊ မခိုင်ခံ့သော အဆောက်အအုံများ (sub-standard buildings) အတော်အတန်ပါဝင်နေမှု၊ ခုံးကျော်တံတားကြီးများရှိလာမှု၊ ဓာတ်ဆီနှင့်ဓာတ်ငွေ့အသုံးများလာမှုစသော အကြောင်းများကြောင့် ယခင် ငလျင်ကြီးမျိုးများ လှုပ်လျှင်ပျက်စီးသေပျောက် မှုများမှာ ယခင်ကထက် အဆများစွာ တိုးလာမည်ဖြစ်ပါသည်။

ငလျင်ဘေးကျရောက်နိုင်ခြေပြမြေပုံ

ယခုပြထားသော မြေပုံကို ဒေါက်တာမျိုးသန့်နှင့် ဤစာရေးသူတို့ ၂ဝ၁၂ ခုနှစ်က ပြင်ဆင်ရေး ဆွဲထားသော မြန်မာနိုင်ငံအတွက် အနှစ် ၅ဝဝ ကာလအတွင်း ငလျင်အန္တရာယ်ဖြစ်နိုင်ခြေအကဲဖြတ်မြေပုံ (PSHA Map) နှင့်စာ ရေးသူရေးသားခဲ့သော စာတမ်းများမှ အချက်အလက် အချို့အပေါ် အခြေခံ၍ ဖြစ်နိုင်ခြေငလျင်ဘေးအဆင့်များကို ခန့်မှန်းပြီး ရေး ဆွဲထားသည်။ စိစစ်စုစည်း ဖော်ထုတ်ချက် (synthesis) ဖြစ်ပါသည်။ ငလျင်အန္တရာယ်ဖြစ်နိုင်ခြေ (probable earthquake hazard)အစား ငလျင်ဘေးကျရောက်နိုင်ခြေ (earthquake risk) ကို ပြသောမြေပုံဖြစ်သဖြင့် နည်းလမ်းသစ်တစ်ခုဟု ဆိုနိုင်ပါသည်။ မြန်မာနိုင်ငံအတွက် ခန့်မှန်းဖော် ထုတ်ထားသော ဖြစ်နိုင်ခြေ ငလျင် ဘေးအဆင့် ငါးဆင့်ကို မြေပုံဖြင့် ဖော်ပြထားပါသည်။

ဤနေရာတွင် ငလျင်အန္တရာယ် (earthqurake hazard) နှင့် ငလျင်ဘေး (earthqurke disaster) တို့ကို ခွဲခြားသိရန် ရှင်းပြလိုပါသည်။ ဒေသ တစ်ခုတွင် ငလျင်အန္တရာယ်ကြီးမားသော်လည်း မြို့လတ်အချို့နှင့် မြို့ငယ် များသာရှိလျှင် ထိုမြို့ရွာများတွင် အလတ်စားငလျင်ဘေးလောက်သာ ကျ ရောက်ပါမည်။ ဥပမာအားဖြင့် စစ်ကိုင်းပြတ်ရွေ့ဇုန်၏ မြောက်ပိုင်းရှိ သပိတ်ကျင်း၊ တကောင်း၊ မိုးညှင်း၊ ဖားကန့်စသည်တို့ဖြစ်သည်။ ငလျင်အန္တရာယ် ကြီးမားသောဒေသများတွင် မြို့ကြီးများနှင့် မြို့လတ်များရှိနေလျှင်ကား ထိုမြို့ များတွင် အကြီးစားငလျင်ဘေးကျရောက် မည်ဖြစ်ပါသည်။ ဥပမာအားဖြင့် စစ်ကိုင်းပြတ်ရွေ့ဇုန်၏တောင်ပိုင်းရှိ ပဲခူး၊ တောင်ငူ၊ နေပြည်တော်၊ သာစည်၊ မန္တလေး၊ စစ်ကိုင်း စသည်တို့ဖြစ်သည်။ ထို့အပြင် မြို့များတည်ရှိရာ မြေသား၏ အပျော့၊ အမာကလည်း ငလျင်ဘေးအဆင့်ကို တိုးစေ၊ လျော့စေနိုင်သည်။ ဥပမာ -မန္တလေးဒေသတွင် ငလျင်ကြီးတစ်ခုလှုပ်သည်ဆိုပါစို့။ မြေပိုပျော့သော မန္တလေးအနောက်ပိုင်းသည် မြေပိုမာသော အရှေ့ဘက်ပိုင်းထက်ပို၍ပျက်စီး မည်ဖြစ်သည်။

ငလျင်ဘေးအဆင့်ပြမြေပုံအတွက်

ရှင်းလင်းချက်အကျဉ်းချုပ်ကို မြေပုံနှင့်အတူ ပြထားပါသည်။ ထပ်ဆင့်ရှင်းပြသင့်သော အချက်နှစ်ချက်ကိုသာ အကျဉ်းဖော်ပြပါမည်။  အဆင့် (၅) ပျက်စီးမှုများ ဘေးအဆင့်မှာ မာကယ်လီစကေး (Modified Mercalli Scale) မှ အတန်း ၉ နှင့်အကြမ်းဖျင်းတူညီပါသည်။ ဤအတန်း အတွက် အကျဉ်းဖော်ပြချက်မှာ ခိုင်ခံ့စွာ ဆောက်လုပ်ထားသော အဆောက် အအုံများတွင်ပင် အပျက်အစီးများ၍ အချို့ပြိုကျသည်။ သာမန်အုတ်တိုက် အများစုပျက်စီးပြိုကျသည်။ မြေပြင်တွင် သိသာသော အက်ကွဲကြောင်းများ ဖြစ်ပေါ်သည်။
အဆင့်(၄) အားပြင်းအဆင့်(မာကယ်လီစကေးအတန်း ၈) အတွက် အကျဉ်းဖော်ပြချက်မှာ ခိုင်ခံ့စွာဆောက်လုပ်ထားသော အဆောက်အအုံများ တွင် အတော်အသင့်ပျက်စီးသည်။ သာမန် အုတ်တိုက်များတွင်ကား အပျက် အစီးများသည်။

မြန်မာနိုင်ငံအတွက် ခန့်မှန်းထားသောဖြစ်နိုင်ခြေငလျင်ဘေးအဆင့်လိုက် ကျရောက်သော မြို့ရွာများကို အသေးစိတ်မဖော်ပြတော့ပါ။ ပူးတွဲမြေပုံ တွင် လေ့လာ ကြည့်ရှုနိုင်ပါသည်။ ဘေးအဆင့်မြင့်သော မြို့အချို့ကိုသာ ဖော်ပြပါ မည်။ ငလျင်ဘေးအဆင့်(၅) (ပျက်စီးမှုများဘေးအဆင့်) တွင် ကျရောက်နေ သော မြို့များမှာ ပဲခူး၊ ဖြူး၊ တောင်ငူ၊ နေပြည်တော်၊ ရမည်းသင်း၊ သာစည်၊ ဝမ်းတွင်း၊ မန္တလေး၊ စစ်ကိုင်း စသည်တို့ဖြစ်ကြသည်။ ငလျင်ဘေးအဆင့် (၄) (အားပြင်းဘေးအဆင့်) တွင် ကျရောက်နေသော မြို့အချို့မှာ မိတ္ထီလာ၊ ရွှေဘို၊ သပိတ်ကျင်း၊ မိုးညှင်း၊ မြစ်ဆုံ၊ ဟုမ္မလင်း၊ ခန္တီး၊ မြောက်ဦး၊ ရန်ကုန်၏ အရှေ့ဘက်ဆုံးအပိုင်းစသော မြို့များနှင့် နေရာများဖြစ်ကြသည်။

မြန်မာ့ငလျင်ဘေးလျှော့ချရေး 

နှစ်ပေါင်းများစွာကပင် ငလျင်ကြိုတင်ခန့်မှန်းချက်များကို အဆင့်မြင့် နည်းလမ်းများအပါအဝင် နည်းလမ်းပေါင်းစုံ (တိရစ္ဆာန်တို့၏ အပြုအမူများ အပါအဝင်) တို့ဖြင့် ကြိုးပမ်းခဲ့သော်လည်း ငလျင်ကြိုတင်ခန့်မှန်းချက်များ ကို မပေးနိုင်သေးပါ။ အနာဂတ်တွင်လည်း ကြိုတင်ခန့်မှန်းရန် မဖြစ်နိုင်သေး ဟု တတ်သိကျွမ်းကျင်သော ပညာရှင်များက ယူဆထားကြသည်။
ငလျင်ကြိုတင်ခန့်မှန်းရန် မဖြစ်နိုင်သေးသော်လည်း အနာဂတ်တွင် မည်သည့်ဒေသ၌ အမြင့်ဆုံးမည်မျှလောက်ပြင်းထန်အားနှင့် လှုပ်နိုင်သည်ဆိုသော အချက်ကိုကား အတော်အတန်မှန် ကန်စွာ ပြောဆိုနိုင် ပါသည်။ ဤအချက်မျိုးများကို ၂ဝ၁၂ နိုဝင်ဘာလတွင် ဒေါက်တာမျိုးသန့်နှင့် စာ ရေးသူတို့ပြင်ဆင်ရေးဆွဲထားသော ''မြန်မာနိုင်ငံ၏ ငလျင် အန္တရာယ်ဖြစ်
နိုင်ခြေ အကဲဖြတ်မြေပုံ'' (PSHA Map) တွင် လေ့လာတွေ့ ရှိနိုင်ပါသည်။ (ထိုမြေပုံကို ယခင်ရေးခဲ့သော ဆောင်းပါး အချို့တွင် ဖော်ပြခဲ့ပြီးဖြစ်သည်။) ဤအချက်များကို သိရှိနိုင်သော်လည်း ငလျင်များလှုပ်မည့်ရက်၊လ တို့ကို မဆိုထားနှင့် နှစ်အပိုင်းအခြားကိုပင် သိနိုင်စွမ်းမရှိသေးပါ။
ဤသို့ဖြင့် ငလျင်သည် အစိုးမရဟုဆိုနိုင်ပါသည်။
ငလျင်ဘေးကိုလည်း ရှောင်လွှဲ၍မရပါ။ သို့သော်လည်း လာမည့် ငလျင်ဘေးများကို လျှော့ချရန် အတွက် ကြိုတင် ကာကွယ် လုပ်ဆောင်နိုင်သော နည်းလမ်းများနှင့် လုပ်ငန်းများကား ရှိပါသည်။ (၁၅)ချက် ကို ရွေးထုတ်ကာ ကဏ္ဍသုံးခုခွဲ၍ တင်ပြပါမည်။

ပညာရှင်များ၏ကဏ္ဍ 

၁။ ငလျင်အန္တရာယ်များသော မြို့ကြီးများ (ပဲခူး၊ တောင်ငူ၊နေပြည်တော်၊ သာစည်၊ မန္တလေး၊ စစ်ကိုင်း)နှင့် ငလျင်အန္တရာယ် အတော်အတန်ရှိသော မြို့ကြီးများ (ရန်ကုန်၊ တောင်ကြီး) တို့အတွက် အနုစိတ်ငလျင် အန္တရာယ် ဖြစ်နိုင်ခြေ အကဲဖြတ်မြေပုံများ (PSHA Microzone Map) ကို လေ့လာဖော်ထုတ်ရေးဆွဲပေးရန်။
အချို့မြို့ကြီးများ (ရန်ကုန်၊ ပဲခူး၊ မန္တလေး၊ တောင်ကြီး) အတွက်ရှိထားပြီး အနုစိတ်မြေပုံများကို နောက်ထပ် လေ့လာချက်များဖြင့် ထပ်မံရရှိသော အချက်အလက်များကို အသုံးပြု၍ ပြင်ဆင်ရေးဆွဲပေးရန်။

၂။ ပထမအဆင့်အနေဖြင့် ဆောက်လုပ်ရေးစည်းမျဉ်းများ (Building Code)ကို ရေးဆွဲ၍၊ ဒုတိယအဆင့်အနေဖြင့် ငလျင်ဒဏ်ခံနိုင်မည့် အဆောက်အအုံပုံစံဆိုင်ရာ စည်းမျဉ်းများ (Earthquake-resistant Design Code)ကို ရေးဆွဲပေးရန်။
၃။ ပြည်သူလုထုအတွက် ငလျင်နှင့် ဆူနာမီဘေးအန္တရာယ် ဆိုင်ရာ ဆောင်ရန်၊ ရှောင်ရန်ပညာပေးလုပ်ငန်းများကို စာနယ်ဇင်း၊ ရုပ်သံ လွှင့်၊ ဟောပြောပွဲ၊ ပြပွဲ၊ ရက်တိုသင်တန်း၊ အလုပ်ရုံဆွေးနွေးပွဲတို့ဖြင့် အခါအားလျော်စွာ ပြုလုပ်ပေးရန်။

  ပြည်သူများ၏ကဏ္ဍ 

၁။ အရေးကြီးဆုံးမှာ ငလျင်အန္တရာယ်များသော (သို့မဟုတ်) အတော်ပင် ရှိသော မြို့ရွာဒေသများတွင် သားစဉ်မြေးဆက် အသက် အိုးအိမ်လုံခြုံရေးကို အလေးထား၍ ပြည်သူများ အနေဖြင့် နေအိမ် တိုက်တာများကို အသိ၊ သတိဥာဏ်နှစ်ဖြာဖြင့် ခိုင်ခံ့အောင် ဆောက်လုပ်ကြရန်၊ ခိုင်ခံ့မှုကို ပထမထားပြီး လှပမွမ်းမံမှုကို ဒုတိယထား၍ ဆောက်လုပ်သင့်ပါသည်။ မိမိတို့နှင့် တွဲဖက်ဆောက်လုပ်သော ကန်ထရိုက်တိုက်များကိုပါ စစ်ဆေးကြည့်ရှုပေးရန် လိုပါမည်။
၂။ မိမိတို့၏နေအိမ် တိုက်တာများသည် အိုဟောင်းပြီး ခိုင်ခံ့မှုနည်းပါး နေပါက ဖြိုဖျက်၍ အသစ်ဆောက်လုပ်ရန်။ အခြေအနေသင့်သေးပါက အင်ဂျင်နီယာများ၏အကူအညီဖြင့် အားဖြည့်ပြင်ဆင်မှုများ (retrofitting)ကို ပြုလုပ်ကြရန်။
၃။ တတ်နိုင်သလောက် ငလျင်အာမခံထားရန် (အထူးသဖြင့် စက်ရုံ၊ အလုပ်ရုံ၊ အထပ်မြင့်တိုက်များအတွက်)
  
အစိုးရ၏ကဏ္ဍ 

၁။ ပညာရှင်များရေးဆွဲတင်ပြလာသော ဆောက်လုပ်ရေးစည်းမျဉ်းများနှင့် ငလျင်ဒဏ်ခံနိုင်သော အဆောက်အအုံပုံစံဆိုင်ရာ စည်းမျဉ်း များကိုအတည်ပြု ပြဋ္ဌာန်းပေးရန်နှင့် လိုက်နာလုပ်ဆောင်ရန်အတွက် နည်းဥပဒေများကိုပါ ပြဋ္ဌာန်းပေးရန်။

၂။ အများပြည်သူသုံးဆေးရုံများ၊ ကျောင်းများ၊ ရုံးများ၊ ခန်းမကြီးများ၊ အားကစားကွင်းကြီးများ၊ အထပ်မြင့်တိုက်ကြီးများ၊ ကွန်ဒိုတိုက်ကြီး များ၊ တံတားကြီးများနှင့် ဆည်ကြီးကို ဒေသအလိုက် ခံရဖွယ်ရှိသော ပြင်းထန် အားကို ခံနိုင်မည့်ပုံစံများဖြင့် စနစ်တကျ၊ စံချိန်စံညွှန်းမီအောင် ဆောက် လုပ်ပေးရန်။ ဤသို့ ဆောက်လုပ် စေရန်အတွက် စစ်ဆေးရေးအဖွဲ့များဖြင့် ကြပ်မတ်စစ်ဆေးပေးရန်။

၃။ ငလျင်အန္တရာယ်များသော၊ ရှိသောမြို့ကြီးများ (ဥပမာ ပဲခူး၊ မန္တလေး၊ ရန်ကုန်)တွင် အရေအတွက်အားဖြင့် အတော်အတန်ရှိသော စံမမီ၊ မခိုင်ခံ့သော အဆောက်အအုံများ (sub-standard buildings)
(ဥပမာ-ဟောင်ကောင်လွှာထပ်မြင့်တိုက်အချို့)၊ အိုမင်းဆွေးမြည့် နေသောတိုက်များကို ကျွမ်းကျင်အင်ဂျင်နီယာများဖြင့် လိုက်လံ ကြည့်ရှုစစ်ဆေးရန်၊ အခြေအနေဆိုးသော အဆောက်အအုံများ ကို ဖြိုဖျက်၍ အသစ်ဆောက်လုပ်စေရန်နှင့် အခြေအနေသင့်သော အဆောက်အအုံများတွင် အားဖြည့်ပြင်ဆင်မှုများ ပြုလုပ်စေရန်။

၎။ ငလျင်ကြီးများလှုပ်စဉ် ဖြစ်တတ်သော နေရာအနှံ့မီးလောင်မှုများကို ငြှိမ်းသတ်ရန် လူအင်အား၊ ပစ္စည်းအင်အားတို့ကို လုံလောက်စွာ ကြိုတင်ထားရှိရန်။

၅။ ရှာဖွေကယ်ဆယ်ရေးနှင့် ကူညီပံ့ပိုးရေးလုပ်ငန်းများကို ထိရောက်ကောင်းမွန်စွာ လုပ်ပေးနိုင်ရေးအတွက် ကြိုတင်ဖွဲ့စည်းထားသော ခရိုင်အဆင့် ဘေးဒုက္ခစီမံဆောင်ရွက်ရေးလုပ်ငန်းအဖွဲ့များ (Disaster Management Taskforces) က ထိရောက်လက်တွေ့ ကျမည့် ကြိုတင်ပြင်ဆင်မှုများနှင့် အစီအမံများ ချမှတ်ထားရန်။
(ထိုလုပ်ငန်းအဖွဲ့များသည် မည်ကာမတ္တမဟုတ်ဘဲ တကယ်တမ်း သဘာဝဘေးအန္တရာယ် ကျရောက်လာလျှင် စီမံလုပ်ဆောင်နိုင်သော အဖွဲ့များဖြစ်ရန်လိုပါသည်။)

၆။ အိန္ဒိယသမုဒ္ဒရာ ဆူနာမီသတိပေးစနစ်အစီအစဉ်တွင် ဆက်လက် ပါဝင်ပူးပေါင်းလုပ်ဆောင်ရန်နှင့် မြန်မာ့ကမ်းရိုးတန်းဒေသများအတွက် လျင်မြန်ထိရောက်မည့် အချိန်မီဆူနာမီသတိပေးစနစ် ထူထောင်ထားရန်။

၇။ ငလျင်ကြီးများလှုပ်ပြီးနောက် နာရီပိုင်း (သို့မဟုတ်) ရက်ပိုင်း အတွင်း နောက်ဆက်တွဲငလျင်များ (after shocks) လှုပ်လေ့ရှိသဖြင့် လိုအပ်ပါက ငလျင်အန္တရာယ်ဆက်ရှိနေသေးကြောင်း သတိပေးချက်များ ထုတ်ပြန်ရန်။

၈။ ဆူနာမီလှိုင်းများနှင့် မုန်တိုင်း၊ ဒီလှိုင်းကြီးများ(storm surge) ၏ဘေးမှ အတော်ပင်အကာအကွယ်ပေးနိုင်သော ဒီရေတောများ (လမုတောများ) ကို တောပြုန်းတီးပြီး ရွာများရှိသည့်နေရာများ၌ ဦးစားပေး၍ ပြန်လည် စိုက်ပျိုးပေးရန်။ (ဒီရေတောပြုန်းတီးမှုမှာ အလွန်များပြီး ရာခိုင်နှုန်း ၂ဝ အောက်သာကျန်သည်ဟု ခန့်မှန်းထားကြသည်။)

၉။ ငလျင်ဘေးအန္တရာယ်များသော မြန်မာပြည်တွင် ငလျင်ပညာရှင်များ (earthquake seismologists) နှင့် ငလျင်အင်ဂျင်နီယာများ (earthquake engineers) ဆယ်ဂဏန်းစီခန့်သာရှိသဖြင့် ထိုပညာရပ်များတွင် အဆင့်မြင့်သော ဂျပန်နိုင်ငံသို့ ပညာသင်များ (အနည်းဆုံး ၁ဝ ဦးစီ)ကို ဦးစားပေးစေလွှတ်ရန်။


Workshop on Sustainable Environmental Management in Ayeyarwady Region..

ပထ၀ီဝင်ဌာနမှဦးစီးပြီး သက်ဆိုင်ရာ ပညာရှင်များ ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးခဲ့ကြပါတယ်။
ဆွေးနွေးခဲ့ကြတဲ့ Topic တွေကတော့အောက်ပါအတိုင်းဖြစ်ပါတယ်....

Presentation on Change Detection of Land Cover and Land use condition in Ayeyarwady Region (Dr.Aung Swe)

Presentation on the Impact of Road Transportation Development on River Restoration Management in Ayeyarwady Region ( Dr.Myo Myint)

Presentation on Sustainable management of Mangrove Forest in Ayeyarwady Region ( Dr.Aung Shwe)

Presentation on Potential Disaster Prone Areas in Ayeyarwady Region speical emphasized on Geomorphological Aspect (Dr.Htun Ko)

အဓိကပိုင်းက disaster ပိုင်းပါ ၊ Ayeyarwady မှာအဓိက ကြုံရတဲ့ hazard က flooding နဲ့ bank erosion ဖြစ်ပါတယ်၊ ဒါကြာင့် ဘယ်နေရာမှာ normal flood တွေ ဘယ်လိုနေရာတွေမှာတော့ flesh flooding တွေကြုံရနိုင်တယ်၊ နောက်ဘာကြောင့်လဲ ဆိုတာ ရှာဖွေဖို့....Ayeyarwady Region ရဲ့ fluvial system တွေဟာ braided တွေဖြစ်တာကြောင့် ပထမဆုံးရင်ဆိုင်နေရတဲ့ထဲမှာ bank erosion လဲပါပါတယ်။ ဒါတွေအတွက် Disaster Prome Map တခုရေးဆွဲနိုင်ဖို့ကလည်း အရေးကြီးပါတယ်။ ပြောရရင် Disaster Prone Areas ကိုသတ်မှတ်ရှာဖွေဖို့အရေးကြီးပါပြီ။
 နောက်တခုက mangrove forest တွေပါ၊ ရခိုင် ဧရာဝတီ တနဿရီ မှာတွေ့ရပြီး ဧရာဝတီမှာ တော့ နည်းသွားပါပြီ။ အစိုးရ နဲ့ third party တွေ ထိန်းသိမ်းနေတဲ့ကြားက ဘာလို့လျော့နည်းလာသလဲ....နောက် official data တွေနဲ့ geospactial ကြား landcover နဲ့ landuse ကွဲပြားနေပုံ စသဖြင်........ဆွေးနွေးကြသူများ အဓိက ပြောကျတာကတော့ ဘတ်ဂျက်ပါ၊ ဘတ်ဂျက်မရှိတော့ ဘာ plan မှအကောင်အထည်မဖော်နိုင်ကြပါ။ 

နောက် လို ရင်းပြောရရင်တော့ ဧရာဝတီ အတွက် River Management ဟာ urgently need ဖြစ်တယ်လို့ဆိုပါတယ်။ ဒီ အတွက် သီအိုရီ နဲ့ လက်တွေ့ သဟဇာတ ဖြစ်တဲ့ ပညာရှင်တွေ များများလိုအပ်တယ်လို့ကျွန်တော် မြင်ပါတယ်၊ပညာရှင် လိုအပ်ချက်က အဓိက အချက်ပါ၊ နောက် နည်းပညာ ၊ ပြီးမှ ဘတ်ဂျက်ပါ၊



မြန်မာနိုင်ငံ အနောက်ဘက်ခြမ်းဒေသ အင်အားပြင်း မြေငလျင်ကြီး အန္တရာယ်ရှိဟုဆို

03-Aug-2016/  voicemyanmar
ရန်ကုန်၊ သြဂုတ် ၃

အိန္ဒိယမြေထုချပ်သည် မြန်မာနိုင်ငံ မြေထုချပ်အောက်ကို တွန်းဝင်နေပြီး လှုပ်ရှားမှု အင်အား ပြင်းထန်နေသည့် ပြတ်ရွေ့ အရှိန်ကြောင့် မြန်မာနိုင်ငံ အနောက်ဘက်ခြမ်း ဒေသများသည် အင်အားပြင်း မြေငလျင်ကြီး အန္တရာယ်ရှိနေကြောင်း မြန်မာနိုင်ငံ မြေငလျင်ကော်မတီမှ Senior Researcher ဒေါ်လှလှအောင်က ပြောကြားသည်။
မြန်မာနိုင်ငံ အနောက်ဘက်ခြမ်း ဒေသများဖြစ်သည့် ချင်းတောင်တန်းနှင့် နာဂတောင်တန်းဒေသသည် သုတေသနပြု လေ့လာချက်များအရ India Plate(အိန္ဒိယ မြေထုချပ်)နှင့် Burma Plate (မြန်မာမြေထုချပ်) နှစ်ခုသည် ထိပ်တိုက် တွေ့ဆုံနေပြီး India Plate မှာ တွန်းကန်မှု တန့်သွားကာ အရွေ့အင်အား စုစည်းနေသည်မှာ နှစ်ပေါင်း ၄၀၀ ကြာမြင့်ခဲ့သည့်အတွက် အင်အား ရစ်ခ်ျစတာစကေး ၉ အဆင့်ရှိသည့် အင်အားပြင်း မြေငလျင်ကြီးများ လှုပ်ခတ်နိုင်ခြေရှိကြောင်း ၎င်းက ပြောဆိုသည်။
“ဒီငလျင်က မြန်မာနိုင်ငံမှာ မလှုပ်ဘူးလို့လည်း မပြောနိုင်ဘူး။ အကယ်၍ လှုပ်လာခဲ့ရင်လည်း ဘယ်လိုလုပ်ကြမလဲ ဒါကို ကြိုတင်ပြင်ဆင်ဖို့ လိုပါတယ်”ဟု ဒေါ်လှလှအောင်က ဆိုသည်။
ယင်းသို့ အိန္ဒိယ မြေထုချပ်မှာ မြန်မာနိုင်ငံဘက်သို့ တွန်းတိုက် ရွေ့လျားနေသည့်အတွက် မြေငလျင်တိုင်းစက်များကို အိန္ဒိယ - မြန်မာ နယ်စပ်နှင့် စစ်ကိုင်း - မန္တလေးမြို့များကိုဖြတ်၍ ကျောက်မဲနှင့် သီပေါမြို့တို့တွင် တပ်ဆင်မည်ဖြစ်ပြီး ယင်းစက်မှ လှုပ်ခတ်နေသည့် မြေငလျင်များပေါ် မူတည်ကာ မြေထုချပ်၏ ရွေ့လျားတွန်းတိုက်မှု၊ ပြင်းအား ပမာဏနှင့် အင်အားပြင်း မြေငလျင် လှုပ်ခတ်နိုင်သည့် အခြေအနေတို့ကို လေ့လာမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ မြေငလျင်ကော်မတီ အတွင်းရေးမှူး ဒေါက်တာမျိုးသန့်က ပြောကြားသည်။
အလားတူ စစ်ကိုင်းပြတ်ရွေ့ကြောမှ အင်အားပြင်း မြေငလျင် လှုပ်ခတ်ခဲ့သည်မှာ နှစ်ပေါင်း ၈၀ ကျော်ရှိပြီဖြစ်ပြီး နေပြည်တော်၊ မန္တလေး၊ စစ်ကိုင်း၊ မိထ္ထီလာ၊ ဝန်းသို၊ ဖြူး၊ ဆွာနှင့် ပဲခူးမြို့ အပါအဝင် မြို့ကြီးများမှာ အင်အားပြင်း မြေငလျင် အန္တရာယ်ရှိနေကြောင်း မြေငလျင် ကျွမ်းကျင် ပညာရှင်များက သတိပေး ပြောဆိုထားသည်။
ဆူမာတြားကျွန်း၊ ကပ္ပလီပင်လယ်ပြင် ရခိုင်ကမ်းရိုးတန်း အနီးမှာ ရှိနေသည့်ပြတ်ရွေ့မှလည်း အင်အားပြင် မြေငလျင်များ လှုပ်ခတ်ခဲ့ဖူးကြောင်း၊ ယခု India Plate ၏ တွန်းကန်နေမှုကို မြေအောက်ကျောက်များ ခံနိုင်ရည် မရှိဘဲ ချော်ထွက်သွားပါက ငလျင်ကြီး လှုပ်ခတ်နိုင်ပြီး ဘင်္ဂလားဒေ့ရှ်နှင့် ဘင်္ဂလား ပင်လယ်အော်အတွင်း ၂၃ ကီလိုမီတာ အထူ ကျဆင်းနေသည့် နုန်းအနည်များကိုဖြတ်၍ ငလျင်လှိုင်းများ ရိုက်ခတ်ခဲ့ပါက အင်အား ပြင်းထန်နိုင်ကြောင်း နိုင်ငံတကာ မြေငလျင် ကျွမ်းကျင် ပညာရှင်များ၏ သုတေသနပြု လေ့လာထားချက်များကို ကိုးကား၍ ဒေါ်လှလှအောင်က ရှင်းပြ ပြောဆိုသည်။
မြန်မာနိုင်ငံရှိပြတ်ရွေ့များထဲတွင် ကဘော်နှင့် ကျောက်ကြမ်းပြတ်ရွေ့ကဲ့သို့ ထိခိုက်ပျက်စီးဆုံးရှုံးမှုများနိုင်သည့် စစ်ကိုင်းပြတ်ရွေ့သည် ကီလိုမီတာတစ်ထောင်ခန့်အရှည်ရှိပြီး ကချင်ပြည်နယ်မြောက်ပိုင်း ပူတာအိုမြို့နှင့် မြစ်ကြီးနားမြို့မှ ဧရာဝတီမြစ်ကြောင်းအတိုင်း ခရမ်း၊ သုံးခွနှင့် ပဲခူးရိုးမအရှေ့ဘက်ခြမ်းမှ မုတ္တမပင်လယ်ကွေ့ဘက်သို့ ဖြတ်သန်းသွားကြောင်း မြန်မာနိုင်ငံမြေငလျင်ကော်မတီ၏ မှတ်တမ်းများအရ သိရသည်။
ဓာတ်ပုံ - Myanmar Earthquake Committee